မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကျောက်ကန်ကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက ဇူလိုင် ၁၅ ရက်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၅ ရက် နံနက် ၅ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ ကျောက်ကန်ကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၈၀ ဦးခန့်က ကျေးရွာ၏ မြောက်ဘက်နှင့် အနောက်ဘက်တို့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကျေးရွာအတွင်း ဝင်ရောက်ကာ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် အဆိုပါကျေးရွာအတွင်းရှိ ဒေသခံပြည်သူများနေထိုင်ရာ လူနေအိမ် ၁၈၀ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး ကျေးရွာနေ မောင်မင်းသန့်ကျော်(၁၈)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ မြင်းခြံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်အတွင်း အေးချမ်းစွာဖြင့် နေထိုင်လုပ်ကိုင်စားသောက်လျက်ရှိသည့် ဒေသခံပြည်သူများအား ကြောက်ရွံ့ထိတ်လန့်စေရန်နှင့် အစိုးရ၏အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ယခုကဲ့သို့ ပြည်သူလူထု နေထိုင်လျက်ရှိသည့် ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်၍ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးအတွက် အကြမ်းဖက်မှုတန်ပြန်ချေမှုန်းရေးကို ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့သည့် မြင်းခြံမြို့နယ်၊ ကျောက်ကန်ကျေးရွာ၏ တည်နေရာပြမြေပုံ။
PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ တစ်ဦး ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။