Language: Myanmar English

Featured

PDF အမည်ခံ အကြမ်းဖက်သမားများက မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် လူနေအိမ်ပျက်စီးကာ ကလေးငယ်များအပါအဝင် အပြစ်မဲ့ အရပ်သား ပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိ

     အကြမ်းဖက်မှုကို လိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများ ဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၆ ရက် နံနက် ၈ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်အတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒေါ်တင်နွဲ့ရီ၏ နေအိမ်ပေါ်သို့ ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် နေအိမ်ပျက်စီးခဲ့ပြီး အဆိုပါနေအိမ်တွင် နေထိုင်ကြသူများဖြစ်သည့် ဒေါ်ခိုင်ရွှေဝင်း (၃၉)နှစ်၊ ဒေါ်နှင်းစန္ဒာအေး(၃၅)နှစ်နှင့် မခွန်းသဒ္ဒါဟိန်း(၃)နှစ်တို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးမျိုးဇော်ဟိန်း(၃၉)နှစ်နှင့် မသွန်းသော်တာဟိန်း(၈)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ မတ္တရာမြို့ရှိ “ချစ်ဦးမွန်” ပြင်ပဆေးခန်း၌ ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
     ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။