Language: Myanmar English

Featured

PDF အမည်ခံ အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်

     တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၇ ရက် နံနက် ၈ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ တုမရကျေးရွာ၌ သေနတ်၊ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်ခံရ၍ အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦးတို့ သေဆုံးကာ အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဦးတူးနိုင်(၃၈)နှစ်၊ ဦးဝင်းဆွေ(၅၆)နှစ်၊ ဦးတင်ဝင်း(၆၃)နှစ်၊ ဦးချစ်ကိုကို(၂၅)နှစ်၊ ဒေါ်လှလေးနွယ်(၄၈)နှစ်နှင့် ဒေါ်မျိုးမျိုးဝင်း(ခ)ပေါက်စ(၃၃)နှစ်တို့သည် ၎င်းတို့၏နေအိမ်အသီးသီး၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အင်အား ၇၀ ဦးခန့်ရောက်ရှိလာပြီး ၎င်းတို့ခြောက်ဦးအား “ဒလန်များ” ဟု စွပ်စွဲပြောဆိုကာ ရွာအဝင်တံတားသို့ ဖမ်းဆီးခေါ်ဆောင်၍ သေနတ်၊ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်သွားခဲ့သဖြင့် ဦးဝင်းဆွေ၊ ဦးတင်ဝင်း၊ ဦးချစ်ကိုကို၊ ဒေါ်လှလေးနွယ်နှင့် ဒေါ်မျိုးမျိုးဝင်း(ခ)ပေါက်စတို့တွင် ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးတူးနိုင်တွင် ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မင်းကင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အလားတူ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ သစ်ပင်ကောက်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကိုစိုးမင်းထက်(၃၀)နှစ်နှင့် ကိုခွန်ရန်ကင်း(၂၃)နှစ်တို့သည် သစ်ပင်ကောက်ကျေးရွာ၏ တောင်ဘက်ရှိ ပြောင်းဖူးခြံအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အင်အား(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အလားတူ ညနေ ၅ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ လက်ပံကျေးရွာနေ အလယ်ဘိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို(၄၁)နှစ်သည် လက်ပံကျေးရွာမှ သစ်ရာကောက်ကျေးရွာသို့ ကိုးပင်ကွေ့-သစ်ရာကောက်သွား ကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့် တစ်ဦးတည်း မောင်းနှင်ထွက်ခွာလာစဉ် လက်ပံရွာသစ်ကျေးရွာနှင့် သစ်ရာကောက်ကျေးရွာကြားအရောက် နောက်မှ ဆိုင်ကယ်မောင်းနှင်လိုက်ပါလာသည့် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးအောင်ကိုကိုတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
     ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။