Language: Myanmar English

Featured

PDF အမည်ခံ အကြမ်းဖက်သမားများက ရပ်ကွက်အတွင်းသို့ စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

     အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၇ ရက် ည ၇ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့၊ အမှတ်(၂)ရပ်ကွက်သို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမှတ်(၂)ရပ်ကွက်ရှိ မြို့မရွှေနှုံးတိုး ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ စိန်ပြောင်းဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဘုန်းကြီးကျောင်း၌ ရောက်ရှိနေသည့် အဆိုပါရပ်ကွက်နေ ဦးဘိုမြင့်(၆၅)နှစ်နှင့် ဦးသီဟဝင်း(၃၄)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ကျောက်မြောင်းမြို့၊ အမှတ်(၁၂)ခြေမြန်တပ်ရင်းရှိ တပ်တွင်းဆေးခန်းသို့ ပို့ဆောင်ဆေးကုပေးလျက်ရှိကြောင်း သိရသည်။
     ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက် ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။