Language: Myanmar English

PDF အမည်ခံ အကြမ်းဖက်သမားများက နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

    တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ချင်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဝင်းမောင်(၇၂)နှစ်သည် မြစ်သားမြို့မှ ၎င်း၏နေအိမ်သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း မောင်းနှင်ထွက်ခွာလာစဉ် ချင်းကျေးရွာအနီးအရောက် နောက်မှဆိုင်ကယ်မောင်းနှင် လိုက်ပါလာသည့် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးဝင်းမောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    အလားတူ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် တောင်သာမြို့နယ်၊ ကန်မြဲကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီး တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဒေါ်ရင်ရင်နု(၃၉)နှစ်သည် ဇဂျမ်း-ကန်မြဲလမ်းဆုံရှိ ၎င်းပိုင်ကွမ်းယာဆိုင်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား သုံးဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့၍ ဒေါ်ရင်ရင်နုတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    အလားတူ ညနေ ၅ နာရီခွဲတွင် တောင်သာမြို့နယ်၊ မြေဖြူကုန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ တောင်သာမြို့နယ်မြေစာရင်းဦးစီးဌာနမှ မြေတိုင်း(၄)ဖြစ်သူ ဦးမြင့်အောင် (၄၈)နှစ်သည် ကျေးရွာအနီးရှိ တောင်ယာခင်းမှ ၎င်း၏နေအိမ်သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း ပြန်လာစဉ် ကျေးရွာဘောလုံးကွင်းအနီးအရောက် အသင့်စောင့်နေသည့် PDF အမည်ခံ အကြမ်းဖက် သမား လေးဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးမြင့်အောင်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    ထိုသို့ နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သား ပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ချင်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ကန်မြဲကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီး တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ မြေဖြူကုန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။