Language: Myanmar English

PDF အမည်ခံ အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

    တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၈ ရက် နံနက် ၁၀ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ မြင်းရွာကြီးကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မြစ်သားမြို့နယ်၊ မြင်းရွာကလေးကျေးရွာနေ ရာအိမ်မှူး ဦးလှသိန်း(၅၄)နှစ်သည် တစ်ရွာတည်းနေ ဦးဖြိုးဝေဦး(၃၀)နှစ်နှင့် အတူ ၎င်း၏နေအိမ်မှ မြင်းရွာကြီးကျေးရွာသို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် မြင်းရွာကြီးကျေးရွာအနီး ဒေသအခေါ် နတ်ကန်ကျောက်ကွင်းအရောက် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး မော်တော်ယာဉ်အား ရပ်တန့်ခိုင်းကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးလှသိန်းနှင့် ဦးဖြိုးဝေဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    အလားတူ ဩဂုတ် ၈ ရက် မွန်းလွဲ ၃ နာရီ ၄၀ မိနစ်တွင် ငါန်းဇွန်မြို့နယ်၊ မြို့သာ(အရှေ့)ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးဌေးဝင်း(၄၈)နှစ်သည် ၎င်း၏နေအိမ်အနီးရှိ လမ်းပေါ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၁၁ ဦးခန့်က ဆိုင်ကယ်လေးစီးဖြင့် ရောက်ရှိလာပြီး “သတင်းပေး၊ ဒလန်” ဟု စွပ်စွဲပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဌေးဝင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိ၍ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    အလားတူ ဩဂုတ် ၉ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ပုသိမ်ကြီးမြို့နယ်၊ ဂွေးကြီးကုန်းကျေးရွာအနီး၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဂွေးကြီးကုန်းကျေးရွာအပြင်ဘက်ရှိ လမ်းဘေးတွင် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် အသက်(၃၀)နှစ်ခန့် အမျိုးသား တစ်ဦး (စိစစ်ဆဲ)အား ကျည်ထိမှန်ဒဏ်ရာများဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိရသဖြင့် သေဆုံးသူအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
    အလားတူ ဩဂုတ် ၉ ရက် နံနက် ၁၀ နာရီတွင် မိတ္ထီလာမြို့နယ်၊ ညောင်ဇောက်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးစောလွင်(၅၈)နှစ်သည် ဇနီးဖြစ်သူ ဒေါ်ခင်စန်းငွေ (၅၃)နှစ်နှင့်အတူ ၎င်း၏နေအိမ်မှ ရေဝေကျေးရွာသို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် မိတ္ထီလာ-ကျောက်ပန်းတောင်းသွားကားလမ်းရှိ လမ်းဆုံအနီး ဇရပ်ရှေ့အရောက် အသင့်စောင့်နေသည့် PDF  အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးစောလွင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်ခင်စန်းငွေတွင် ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။
    ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ မြင်းရွာကြီးကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့သာ(အရှေ့)ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။