တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၅ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ရှမ်းပြုံးချောင်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဩဂုတ် ၁၄ ရက် ည ၁၁ နာရီခွဲတွင် အဆိုပါကျေးရွာနေ ရာအိမ်မှူး ဦးမြင့်အောင် (၅၂)နှစ်သည် ရွာလယ်လမ်းမပေါ်၌ လမ်းလျှောက်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးမြင့်အောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဩဂုတ် ၁၅ ရက် နံနက် ၁၀ နာရီတွင် အုတ်တွင်းမြို့နယ်၊ အနောက်ဘိုကုန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီး တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တောင်ငူမြို့နယ်၊ ရေလယ်ခုံကျေးရွာနေ ဒေါ်ဌေးဌေး(ခ) ခင်ထွေး(၅၁)နှစ်သည် BGO-27 3Q/XXXX HINO DUTRO အဖြူရောင် ခြောက်ဘီးခရီးသည်တင်ယာဉ်ဖြင့် ရေလယ်ခုံ-ဘိုကုန်း-ကြက်တက်ညောင်ပင် ကျေးရွာချင်းဆက်လမ်းအတိုင်း တောင်ငူမြို့သို့ လိုက်ပါ စီးနင်းလာစဉ် အနောက်ဘိုကုန်းကျေးရွာလမ်းမပေါ်အရောက် သေနတ်ကိုင်ဆောင်၍ အသင့်စောင့်နေသည့် PDF အမည်ခံ အကြမ်းဖက်သမား တစ်ဦး (စိစစ်ဆဲ)က မော်တော်ယာဉ်အား ရပ်တန့်ခိုင်း၍ ဒေါ်ဌေးဌေး(ခ) ခင်ထွေးအား “ဒလန်” ဟု စွပ်စွဲပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဒေါ်ဌေးဌေး (ခ)ခင်ထွေးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဩဂုတ် ၁၅ ရက် ညနေ ၆ နာရီ ၂၀ မိနစ်တွင် ပေါက်ခေါင်းမြို့နယ်၊ အိုင်ဇောက်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးတင့်လွင်(၅၈)နှစ်သည် ၎င်း၏နေအိမ်အရှေ့ဘက် ၄ ဖာလုံခန့် အကွာရှိ တောင်ယာခင်းအတွင်း ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ငါးဦး (စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးတင့်လွင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဩဂုတ် ၁၅ ရက် ည ၇ နာရီ ၂၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ဦးတိုကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မြေနုကျေးရွာနေ မြေနုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသန့်ဇင် (၄၇) နှစ်သည် ၎င်း၏သား ကိုလှမျိုးသန့် နှင့်အတူ ဦးတိုကျေးရွာမှ မြေနုကျေးရွာသို့ ပန်းတနော်-ရွှေလောင်းသွားကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့်ထွက်ခွာလာစဉ် လားရာတူနောက်မှ ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်လိုက်ပါလာသည့် အကြမ်းဖက်သမား နှစ်ဦး (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးသန့်ဇင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ကိုလှမျိုးသန့်တွင် ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ရှမ်းပြုံးချောင်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍
အမျိုးသား တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ အနောက်ဘိုကုန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍
အမျိုးသမီး တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ အိုင်ဇောက်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။