Language: Myanmar English

PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

     တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါ သည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃ ရက်‌ နံနက် ၈ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ညန်ကန်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးအောင်ဝင်း(၆၇)နှစ်သည် ၎င်း၏ဇနီး ဒေါ်ဖွားမြိုင်(၆၀)နှစ်နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၁၀ ဦးခန့်က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     အလားတူ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ဘော်ဒါကျေးရွာအနီး၌ သေနတ်၊ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်ခံရ၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ MPT တာဝါတိုင်အစောင့်ဝန်ထမ်း ဦးခင်မောင်ဝင်း(၇၀)နှစ်သည် ၎င်း၏ဇနီး ဒေါ်ခင်မျိုးဝင်း(၆၃)နှစ်နှင့် အတူ ကျေးရွာ၏အနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာ ဘော်ဒါကျေးရွာနှင့် ပေါ်လံကြီးကျေးရွာကြား ပေါက်ခေါင်း-အုတ်တွင်းလမ်း မိုင်တိုင်အမှတ် ၄၈ မိုင် ၃ ဖာလုံအနီးရှိ MPT တာဝါတိုင်သို့ မီးစက်မောင်းရန် ထွက်ခွာလာစဉ် တာဝါတိုင်အနီးအရောက် အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ)က သေနတ်၊ ဓားများဖြင့် ပစ်ခတ်ထိုးခုတ် သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ညန်ကန်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။