CRPH၊ NUG တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက စက်တင်ဘာ ၁၂ ရက်တွင် ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအနီး၌ အေးချမ်းစွာခရီးသွားလာနေသည့် ရေယာဉ် တစ်စီးအား အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသမီး သုံးဦး ဒဏ်ရာရရှိခဲ့ပြီး အမျိုးသား ငါးဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ နန်းတောင်ကျေးရွာနေ ရေယာဉ်မောင်း ဦးတင်ဦး(၅၄)နှစ်နှင့် ရေယာဉ်ပဲ့နင်း ကိုအောင်နိုင်သူ (၂၃)နှစ်တို့ မောင်းနှင်လာပြီး ခရီးသည် အမျိုးသား သုံးဦးနှင့် အမျိုးသမီး ၁၁ ဦးတို့ လိုက်ပါလာသည့် ခရီးသည်တင်ရေယာဉ်သည် ပုလောမြို့မှ မလိကျေးရွာသို့ ထွက်ခွာလာစဉ် ရှပ်ပုံကျေးရွာရှိ ဓနိတော အနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ)က သေနတ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ရေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသူများအနက် ဇရပ်ဆိပ်ကျေးရွာနေ မအေးချမ်းမိုး(၂၆)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိ၍ သေဆုံးခဲ့ပြီး တစ်ရွာတည်းနေ ဒေါ်သန်းဌေး (၆၄)နှစ်၊ ဒေါ်နော်စီသင်းလှ(ခ)မပု(၅၀)နှစ်နှင့် ဒေါ်ခိုင်(၄၉)နှစ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး ဦးကျော်ဆွေ(၄၅)နှစ်၊ ကိုကရင်(၂၃)နှစ်၊ ဦးဘသန်း(၅၀)နှစ်၊ ဦးတင်ဦး(၅၄)နှစ်နှင့် ကိုအောင်နိုင်သူ (၂၃)နှစ်တို့မှာ ပျောက်ဆုံးလျက်ရှိကြောင်းနှင့် သေဆုံး၊ ဒဏ်ရာရရှိသူများအား ပုလောမြို့နယ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ CRPH၊ NUG တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် အေးချမ်းစွာ ခရီးသွားလာလျက်ရှိသော အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအနီး၌ လက်နက်ကိုင် အကြမ်းဖက်သမားများက ခရီးသည်တင်ရေယာဉ်အား အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့မှု မှတ်တမ်းဓာတ်ပုံ။