တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက် နံနက် ၅ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ရှားတောကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ရာအိမ်မှူး ဦးပြုံးချို(၅၄)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၂၀ ဦးခန့်က ဆိုင်ကယ်များဖြင့်ရောက်ရှိလာပြီး ၎င်းအား ဖမ်းဆီးခေါ်ဆောင်သွားကာ ကျေးရွာ၏ အနောက်ဘက် တစ်မိုင်ခန့်အကွာအရောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးပြုံးချိုတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ စက်တင်ဘာ ၂၀ ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၀၇)ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားနှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်း(၆၇)နှစ်သည် တစ်ရပ်ကွက်တည်းနေ ရာအိမ်မှူး ဦးဆွေမြင့်အောင်(၆၀)နှစ်၊ ရုံးအကူ ဦးမျိုးမြင့်ထွန်း(ခ)သားကြီး(၄၆)နှစ်တို့နှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးအတွင်း၌ရှိနေစဉ် အကြမ်းဖက်သမား အမျိုးသား သုံးဦး (စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးကြည်ထွန်းနှင့် ဦးဆွေမြင့်အောင်တို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ဦးမျိုးမြင့်ထွန်း(ခ)သားကြီးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် သေဆုံး၊ ဒဏ်ရာရရှိသူများအား အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၁၀၀၀)သို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။