Language: Myanmar English

PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

    တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆ မတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများပြုလုပ်လျက်ရှိပါသည်။
    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၃ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဂွေးပင်ကျေးရွာနေ ဦးသိန်းဝင်း(၆၉)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၁၁ ဦး(စိစစ်ဆဲ)က ဆိုင်ကယ်ခြောက်စီးဖြင့် ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ ဆူးတောကျေးရွာအနီး မြေပဒုံ-ချောင်းတက်-ဆူးတောကျေးရွာ သွားကားလမ်းဘေးအနီးအရောက် ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးသိန်းဝင်းတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ 
    အလားတူ ည ၇ နာရီ ၁၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ သာစည်ကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဆင်ပေါင်ဝဲမြို့နယ်၊ ဓနုန်းမြောင်ကျေးရွာနေ ဒေါ်မာဌေး(၅၂)နှစ်၊ မဖြူနှင်းဝေ(၂၁)နှစ်နှင့် ဒေါ်စန်းဝင်း(၄၁)နှစ်တို့သည် ကိုဆန်းမင်းကျော်(၃၀)နှစ် မောင်းနှင်သည့် သုံးဘီးယာဉ်ဖြင့် ကိုးပင်ကျေးရွာမှ ဓနုန်းမြောင်ကျေးရွာသို့ ထွက်ခွာလာစဉ် သာစည်ကျေးရွာအဝင်အရောက် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး (စိစစ်ဆဲ)က သုံးဘီးယာဉ်အား ရပ်တန့်ခိုင်းကာ ယာဉ်ပေါ်ပါလာသူများအနက် ဒေါ်မာဌေးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။