Language: Myanmar English

PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

    တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက် ညနေ ၅ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မိုးတောင်ကျေးရွာအနီး၌ ဓားဖြင့် ထိုးခုတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အားစိစစ်ခဲ့ရာ အဆိုပါကျေးရွာနေ ဦးစိုးဝင်း(၆၂)နှစ်သည် ကျေးရွာအပြင်ဘက်ရှိ ၎င်းပိုင်ယာခင်းမှ နေအိမ်သို့ တစ်ဦးတည်း ခြေလျင်ပြန်လာစဉ် ဒေသအခေါ် သဲချောင်းအနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ)က ဓားဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးစိုးဝင်းတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    အလားတူ စက်တင်ဘာ ၂၅ ရက် ည ၇ နာရီတွင် ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ သေဆုံးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အားစိစစ်ခဲ့ရာ အဆိုပါကျေးရွာနေ ဦးကျော်ဆွေဝင်း (၅၁)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်စန်းမိုးခိုင်(၅၁)နှစ်တို့သည် ၎င်းတို့၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
    အလားတူ စက်တင်ဘာ ၂၆ ရက် နံနက် ၈ နာရီတွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကျောက်တန်းကျေးရွာ၌ ဓားဖြင့် ထိုးခုတ်ခံရ၍ အမျိုးသမီး တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အားစိစစ်ခဲ့ရာ အဆိုပါကျေးရွာနေ ဒေါ်ခင်စိုးလှ(၆၀)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကျေးရွာထိပ်အရောက် ဓားဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကျောက်တန်းကျေးရွာ၌ ဓားဖြင့် ထိုးခုတ်ခံရ၍ အမျိုးသမီး တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။