Language: Myanmar English

PDF အမည်ခံ အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သား ပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

     တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ များနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲ အပေါ်အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက် နံနက် ၉ နာရီ ၄၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ဆပ်ခင်းကြီးကျေးရွာ၌ ဓား၊ သေနတ်များဖြင့် ထိုးခုတ် ပစ်ခတ် ခံရ၍ အမျိုးသား နှစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ထွန်းမိုး(၅၄)နှစ်နှင့် တစ်ရွာတည်းနေ ဦးထွန်းမြင့်ရွှေ (၅၂)နှစ်တို့သည် ၎င်းတို့၏နေအိမ်အသီးသီး၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၁၀ ဦးခန့်က ဆိုင်ကယ် ငါးစီးဖြင့် ရောက်ရှိလာပြီး ဓား၊ သေနတ်များဖြင့် ထိုးခုတ် ပစ်ခတ်၍ ဦးတင်ထွန်းမိုး၏ နေအိမ်မှ လက်ကိုင်ဖုန်း သုံးလုံးနှင့် ဦးထွန်းမြင့်ရွှေ၏ နေအိမ်မှ MDY 2J/XXXX Mitsubishi FUSO Canter Truck အမျိုးအစား မော်တော်ယာဉ် တစ်စီး၊ Click 125 အမျိုးအစား ဆိုင်ကယ် တစ်စီး၊ Click 160 အမျိုးအစား ဆိုင်ကယ် တစ်စီး၊ လက်ကိုင်ဖုန်း လေးလုံးတို့အား လုယက်ယူဆောင်သွားခဲ့သဖြင့် ဦးတင်ထွန်းမိုးနှင့် ဦးထွန်းမြင့်ရွှေတို့တွင် ဓားဒဏ်ရာ၊ ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
    အလားတူ နိုဝင်ဘာ ၁၂ ရက် နံနက် ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကုန်းပေါ်နက်ကျေးရွာ၌ ဓားဖြင့် ထိုးခုတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးအောင်စိုး (၅၇)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ငါးဦး(စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး “သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးအောင်စိုးတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။
    ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ဆပ်ခင်းကြီးကျေးရွာ၌ ဓား၊ သေနတ်များဖြင့် ထိုးခုတ် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။