အစွန်းရောက်လက်နက်ကိုင်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ အရပ်သားပြည်သူများအား လက်နက်အားကိုးဖြင့် အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ငွေနှင့်ပစ္စည်းများအား အနိုင်အထက်ပြုကာ လုယက်ယူဆောင်ခြင်းများစသည့် အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မီးလောင်ဖျား(မြောက်)ကျေးရွာ၊ ပုဂံ-ချောက်ကားလမ်းဘေးရှိ “မေရီမြင့်” စက်သုံးဆီအရောင်းဆိုင်၌ အဆိုပါကျေးရွာနေ ဆိုင်ရှင် ဦးမောင်လတ်(၆၅)နှစ်သည် ဇနီး ဒေါ်ရီရီမြင့်(၆၁)နှစ်နှင့် အိမ်အကူ ဒေါ်ချောစု(၄၅)နှစ်တို့နှင့်အတူ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခုနစ်ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး ဦးမောင်လတ်အား ဆိုင်နောက်တွင် ကြိုးတုပ်ထားပြီးနောက် ဒေါ်ရီရီမြင့်နှင့် ဒေါ်ချောစုတို့အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ဆိုင်အတွင်းရှိ ဆာလာအိတ်ဖြင့် ထည့်ထားသည့် ငွေကျပ်သိန်း ၇၀၀ ခန့်အား လုယက်ယူဆောင်သွားခဲ့သဖြင့် အကြမ်းဖက်သမားများ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဒေါ်ရီရီမြင့်နှင့် ဒေါ်ချောစုတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံး သွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။