တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ သင်္ဘောတင်ကျေးရွာနေ ရာအိမ်မှူး ဦးမြင့်သန်း(၆၃)နှစ်သည် ၎င်း၏နေအိမ်၌ သားဖြစ်သူ ကိုဟိန်းဇော်မြင့်(ခ)ဖိုးသား(၂၅)နှစ်နှင့်အတူ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ရှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် လေးစီးဖြင့် ရောက်ရှိလာပြီး ဦးမြင့်သန်းအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ကိုဟိန်းဇော်မြင့်(ခ)ဖိုးသားအား ဖမ်းဆီးခေါ်ဆောင်ကာ အဆိုပါနေအိမ်ရှိ ဆိုင်ကယ် လေးစီးအား လုယက်ယူဆောင်သွားခဲ့သဖြင့် ဦးမြင့်သန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ သင်္ဘောတင်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍
အမျိုးသား တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။