တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက် ညနေ ၅ နာရီ ၅၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ အုပ်ရှစ်ကုန်းကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အောင်လံမြို့နယ်၊ မြေနီကုန်းကျေးရွာနေ ဦးနိုင်ဝင်း(၃၈)နှစ်သည် ၎င်းပိုင်ယာခင်းမှ မြေနီကုန်းကျေးရွာသို့ ပြန်လာစဉ် အုတ်ရှစ်ကုန်းကျေးရွာအနီးအရောက် PDF အမည်ခံ အကြမ်းဖက်သမား ခုနစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာ ၂၃ ရက် နံနက် ၅ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ တမာကန်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်လွင်(၅၂)နှစ်သည် ၎င်း၏ဇနီး ဒေါ်မြင့်နိုင်(ခ)ဒေါ်မြင့်ခိုင်(၅၂)နှစ်၊ သား ကိုဖိုးလပြည့်(၂၂)နှစ်တို့နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၁၀ ဦး(စိစစ်ဆဲ)က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ နေအိမ်ရှိ ရွှေဆွဲကြိုး နှစ်ကုံး၊ ဟန်းချိန်း နှစ်ခု၊ ရွှေလက်စွပ် လေးကွင်း၊ Honda Wave 110 အမျိုးအစား ဆိုင်ကယ် တစ်စီး၊ စုစုပေါင်းတန်ဖိုးငွေ ၂၁၀ သိန်းကျပ်ခန့်တို့အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် ဦးမောင်လွင်ပါ သုံးဦးတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။