တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၄ ရက် မွန်းလွဲ ၃ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဦးတိုရွာသစ်ကျေးရွာနှင့် ဗိုလ်တထောင်ကျေးရွာကြားရှိ မြေနီလမ်း၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မင်းလှမြို့နယ်၊ ဦးတိုမြန်မာစုကျေးရွာနေ ဦးခင်မောင်ဝင်း(၅၅)နှစ်သည် ၎င်းနေအိမ်မှ ဆိုင်ကယ်ငှားရန် ထွက်ခွာလာစဉ် ဦးတိုရွာသစ်ကျေးရွာနှင့် ဗိုလ်တထောင်ကျေးရွာကြားရှိ မြေနီလမ်းပေါ် အရောက် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးခင်မောင်ဝင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။