အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၁၇ ရက် မွန်းတည့် ၁၂ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ အောင်တော်မူရပ်ကွက်နေ ဦးအောင်မိုး(ခ)မျိုးနိုင်(၆၂)နှစ်သည် ထင်းခုတ်ရန် ၎င်း၏နေအိမ်မှ ရပ်ကွက်အနီးရှိ တောအတွင်းသို့ ခြေလျင်ထွက်ခွာလာစဉ် ဒေသအခေါ် “ပေါက်ချောင်းအစပ်” အရောက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဦးအောင်မိုး(ခ)မျိုးနိုင်တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ညနေ ၄ နာရီ ၅၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ရွှေပေါက်ပင်ရပ်ကွက်နေ ဦးဝင်းမြင့်(၅၃)နှစ်သည် ၎င်း၏ဇနီး ဒေါ်မြတ်မြတ်သူ(၄၀)နှစ်နှင့်အတူ နေအိမ်မှ ဒေသအခေါ် “ပေါက်ချောင်းအရှေ့ဘက်ကမ်း” ရှိ ၎င်းပိုင်စိုက်ခင်းသို့ ခြေလျင်ထွက်ခွာလာစဉ် ပေါက်မြို့-ပေါက်ချောင်းကျေးရွာသွား မြေနီလမ်းပေါ်အရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဦးဝင်းမြင့်နှင့် ဒေါ်မြတ်မြတ်သူတို့တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ပေါက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့်
နင်းမိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး
သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့်
နင်းမိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး
ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။