လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ပြည်သူလူထုအတွင်း အကြောက် တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူ များအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေ ၇ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်း ဒေသကြီး၊ ကံမမြို့နယ်၊ သမ္ဘရာကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံး သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသီဟဇော်(၃၇)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦး(စိစစ်ဆဲ)က ဆိုင်ကယ် ရှစ်စီးဖြင့် ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်၍ ကျေးရွာအနောက်ဘက် တစ်ဖာလုံခန့်အကွာ ကံမ-ကျောက်စောင်း-ကျီးမီး-ကျောက်ပဒေါင်းသွား ကားလမ်းဘေး၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးသီဟဇော်တွင် ကျည်ထိမှန် ဒဏ်ရာများ ရရှိ၍ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။