Language: Myanmar English

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ ကလေးငယ်တစ်ဦးထိခိုက်ဒဏ်ရာရရှိ

     အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန် ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေး ထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများပြုလုပ် လျက်ရှိပါသည်။
    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေ ၁၀ ရက် နံနက် ၉ နာရီ ၅၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရှိ ခုတင်(၁၀၀)ပြည်သူ့ဆေးရုံသို့ မိုင်းစထိမှန်ဒဏ်ရာ ရရှိထားသည့် ကလေးငယ်တစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာနေ မောင်မိုးထက်မြင့်(၁၃)နှစ်သည် ၎င်း၏နေအိမ်မှ ထန်းကုန်းကျေးရွာနှင့် ဇီးပင်သာကျေးရွာကြားရှိ တောသို့ထင်းရှာရန်သွားစဉ် ထန်းကုန်းကျေးရွာ၏ အရှေ့ဘက်မီတာ ၃၀၀ ခန့်အရောက်၌ PDF အမည်ခံအကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ ကလေးငယ်တစ်ဦးထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။