Language: Myanmar English

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

      အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာ ဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေး ထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက် ရှိပါသည်။
    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေ ၁၁ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်း ဒေသကြီး၊ စလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ခဲ့ရာ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ညောင်ငုတ်တိုကျေးရွာနေ ဒေါ်စန်းယုမော်(၃၀)နှစ်နှင့် တစ်ရွာတည်းနေ ကိုသက်လင်းအောင်(၂၇)နှစ်တို့သည် ကျေးရွာအနောက်တောင်ဘက် တစ်မိုင်ခန့် အကွာရှိ လယ်ကွင်းသို့ သွားရောက်စဉ် ညောင်ငုတ်တို-ညောင်ပင်ကျေးရွာချင်းဆက်လမ်းပေါ်အရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။