Language: Myanmar English

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်း လေးလုံးအား ဖောက်ခွဲဖျက်ဆီးရှင်းလင်း

     အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေး ထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
      ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေ ၁၂ ရက် နံနက် ၇ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာအနီးဝန်းကျင်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ရာ စစ်ကိုင်း-မုံရွာကားလမ်း၏ ဝဲဘက်လမ်းဘေးမှ အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်း လေးလုံး၊ ဆိုင်ကယ်ဘက်ထရီအိုး တစ်လုံးနှင့် ဝိုင်ယာကြိုး တစ်ချောင်းတို့အား တွေ့ရှိရသဖြင့် ဖောက်ခွဲဖျက်ဆီး ရှင်းလင်းခဲ့ကြောင်း သိရသည်။
      အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။