အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက် ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေ ၁၄ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ကျောက်မဲတောင်ကျေးရွာနေ ကိုချစ်မျိုးအေး(၂၁)နှစ်သည် ၎င်း၏နေအိမ်မှ ဘဝပင်ကျေးရွာအနီးရှိ ဥယျာဉ်ခြံသို့ သွားရောက်စဉ် ဘဝပင်ကျေးရွာအပြင်ရှိ တာဝါတိုင်အနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ ညနေ ၄ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာနေ ကိုနေလင်းဦး(၂၇)နှစ်သည် ၎င်း၏နေအိမ်မှ ကျေးရွာအနီးရှိ ၎င်းပိုင်ဆိုင်သော ဥယျာဉ်ခြံသို့ သွားရောက်စဉ် ဥယျာဉ်ခြံအနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ထားဝယ် မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်း ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။