လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေ ၂၄ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်သို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်းသို့ လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေသူများဖြစ်ကြသည့် မအိမ့်မှူးပိုင်(၁၃)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်ပေါအေး(၅၁)နှစ်၊ ဒေါ်ဝေဝေလွင်(၄၀)နှစ်၊ ဒေါ်သီသီမိုး(၄၇)နှစ်၊ မယွန်းရတီဇော်(၈)နှစ်နှင့် မအိမွန်သိမ့်(၁၇)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဒေါ်ပေါအေးနှင့် မအိမွန်သိမ့်တို့နှစ်ဦးအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း၊ ဒေါ်ဝေဝေလွင်၊ ဒေါ်သီသီမိုးနှင့် မယွန်းရတီဇော်တို့သုံးဦးအား မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့လည်းကောင်း အသီးသီးပို့ဆောင်ဆေးကုသပေးလျက်ရှိကြောင်းနှင့် အကြမ်းဖက်သမားများ၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာရှိ လူနေအိမ် ငါးလုံးနှင့် စာသင်ကျောင်းဆောင်တစ်ဆောင်တို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် ကလေးငယ်များအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ရပ်ကွက်အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်များအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။