လက်နက်ကိုင်အစွန်းရောက်အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ပြည်သူလူထုအတွင်း အကြောက် တရားများလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေ ၂၄ ရက် မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ မိတ်ကုန်းကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦးခန့်က Light Truck အမျိုးအစား မော်တော်ယာဉ် တစ်စီး၊ ဆိုင်ကယ် နှစ်စီးတို့ဖြင့် ရောက်ရှိလာပြီး အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ရာအိမ်မှူးဖြစ်သူ ဦးအောင်မြင့်ကြည်(၆၅)နှစ်၊ ဦးမြင့်အောင်(၆၈)နှစ်၊ ဦးအောင်မင်း(၆၆)နှစ်၊ ဦးကျော်မိုး(စိစစ်ဆဲ)၊ ဒေါ်ခင်ဝင်း(စိစစ်ဆဲ)နှင့် ဒေါ်ချို(စိစစ်ဆဲ)တို့ ခြောက်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကာ ကျေးရွာ၏အရှေ့ဘက်ရှိ မိတ်ကုန်း-တောင်ရိုးတဲသွားကားလမ်းဆုံအရောက် ဦးကျော်မိုး(စိစစ်ဆဲ)၊ ဒေါ်ခင်ဝင်း(စိစစ်ဆဲ)နှင့် ဒေါ်ချို(စိစစ်ဆဲ)တို့သုံးဦးအား ပြန်လည်စေလွှတ်ပေးခဲ့ပြီး ဦးအောင်မြင့်ကြည်၊ ဦးမြင့်အောင်နှင့် ဦးအောင်မင်းတို့ သုံးဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့သုံးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းဆီး ခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် ရာအိမ်မှူး တစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး သေဆုံးမှုမှတ်တမ်းဓာတ်ပုံ။