လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် နိုင်ငံတော်မှ မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးတိုးတက်မြင့်မားစေရန် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီး လိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင် ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား/သူများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်းများစသည့် အကြမ်းဖက်မှုလုပ်ရပ် များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေ ၂၄ ရက် နံနက် ၉ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်း ဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ဂျိုကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဆရာ/ဆရာမ များက ကျောင်းအပ်လက်ခံရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမား သုံးဦး(စိစစ်ဆဲ)က လက်နက်များကိုင်ဆောင်ကာ ကျောင်းအတွင်းသို့ ဝင်ရောက်လာကာ “ဘယ်သူ့ အမိန့်နဲ့ ကျောင်းဖွင့်တာလဲ၊ ဘယ်သူကကျောင်းဖွင့်ခိုင်းတာလဲ၊ ကျောင်းသား/သူတွေကို ငဲ့ကွက်လို့ ခင်ဗျားတို့ကို ဘာမှမလုပ်တာ၊ ကျောင်းဆက်ဖွင့်ပါက သေနတ်နဲ့ပစ်သတ်မည်” ဟု ခြိမ်းခြောက်ပြောဆိုကာ ပြန်လည်ထွက်ခွာသွားကြောင်းနှင့် အဆိုပါကျောင်းတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးသက်ပါ ကျောင်းဆရာ/ဆရာမ ၂၁ ဦး၊ စီမံဝန်ထမ်း ၇ ဦး၊ စုစုပေါင်း ပညာရေးဝန်ထမ်း ၂၈ ဦးရှိပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူ ၈၂ ဦးအား ကျောင်းအပ်လက်ခံထားရှိပြီးဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပညာရေးကဏ္ဍတိုးတက်မြင့်မားမှုကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ ကျောင်းအပ်လက်ခံရေး ဆောင်ရွက်နေသည့် ကျောင်းဆရာ/ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက် မှုများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များ နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။