Language: Myanmar English

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ပညာရေးဝန်ထမ်းများ၊ ကျောင်းသား/သူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်

     လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ကျောင်းသား/သူများနှင့် ဒေသခံ ပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းစသော လူသားချင်း မစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက် ရှိပါသည်။

    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေ ၂၄ ရက် နံနက် ၇ နာရီတွင် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ လက်ပံကျင်းကျေးရွာနေသူများဖြစ်ကြသည့် ရေသောင်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းခွဲမှ အထက်တန်းပြဆရာမဖြစ်သူ ဒေါ်ဖြိုးဝေမြင့်(၃၀)နှစ်နှင့် တောင်ဟန်ဒေါက် ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းမှ လက်ထောက်မူလတန်းပြဆရာမဖြစ်သူ ဒေါ်ချိုသဇင်ဦး (၂၆)နှစ်တို့ နှစ်ဦးသည် စေတုတ္တရာမြို့နယ်ပညာရေးမှူးရုံးသို့လည်းကောင်း၊ မကွေးပညာရေးကောလိပ်မှ ပထမနှစ်ကျောင်းသား မောင်ဇော်ဇော်အောင်(၂၀)နှစ်၊ တတိယနှစ်ကျောင်းသူ မနွေးနွေးလှိုင်(၂၁)နှစ်နှင့် မခင်မိုးဝေ(၂၀)နှစ်၊ ပခုက္ကူပညာရေးကောလိပ်မှ ဒုတိယနှစ်ကျောင်းသူ မခင်စုစုလှိုင်(၂၀)နှစ်၊ မခင်မိုးဝေ၏ဖခင် ဦးလှမိုး(၄၈)နှစ်၊ မနွေးနွေးလှိုင်၏ဖခင် ဦးသန်းထွန်း(၅၆)နှစ်တို့ ခြောက်ဦးသည် ၎င်းတို့သက်ဆိုင်ရာ ပညာရေးကောလိပ်များသို့လည်းကောင်း၊ မပပဝင်း(၂၉)နှစ်သည် ရန်ကုန်မြို့သို့ လည်းကောင်း သွားရောက်ရန် ပွင့်တောက်ကျေးရွာ စက်လှေဆိပ်ကမ်း၌ စက်လှေအား  စောင့်ဆိုင်းနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က ရောက်ရှိလာပြီး ၎င်းတို့ ကိုးဦးအား ပွင့်တောက် ကျေးရွာမြောက်ဘက် သုံးမိုင်ခန့်အကွာရှိ မကြီးကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

   အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်သမားများ၏ ဖမ်းဆီးခြင်းခံထားရသူများအား အမြန်ဆုံး ပြန်လည်ကယ်တင်နိုင်ရေးနှင့် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ကျောင်းသား/သူများနှင့် ဒေသခံ ပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။