လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေး တိုးတက်မြင့်မားစေရန် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင် ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာအဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်းများစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေ ၂၆ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ဆင်သားမွေးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲမှ ဆရာ/ဆရာမများအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အကြမ်းဖက်ခြိမ်းခြောက်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မေ ၂၃ ရက် နံနက် ၁၀ နာရီတွင် အဆိုပါကျောင်းရှိ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမင်းထွန်းနှင့် ဆရာမ ငါးဦး၊ ရုံးအကူ တစ်ဦး၊ စုစုပေါင်း ခုနစ်ဦးတို့မှ ကျောင်းအပ်နှံမှုလက်ခံရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ရှစ်ဦးခန့်(စိစစ်ဆဲ)က သေနတ်များကိုင်ဆောင်လျက် ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး “ကျောင်းအပ်ခြင်း၊ ကျောင်းဖွင့်ခြင်းများ လက်မခံကြောင်း၊ CDM ပြုလုပ်ပြီး အလုပ်ထွက်ရန်နှင့် ကျောင်းအုပ်ကြီးအား ကျောင်းမှ ချက်ချင်းထွက်သွားရန်” အကြမ်းဖက်ခြိမ်းခြောက်ပြောဆိုကာ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပညာရေးကဏ္ဍ တိုးတက်မြင့်မားမှုကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ ကျောင်းအပ်လက်ခံရေး ဆောင်ရွက်နေသည့် ကျောင်းဆရာ/ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။