Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်မှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ခုနစ်ဦး သေဆုံးကာ ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိ

     လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁ ရက် မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ ဂန့်ဂါရပ်ကွက်(ဟိုတယ်ဇုန်-၄)၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား ခုနစ်ဦး သေဆုံးပြီး အမျိုးသား ငါးဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်(ခ)ဦးမြင့်ဇော်(၅၁)နှစ်ပါ ၁၅ ဦးခန့်သည် (၁၉)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအစည်းအဝေး ပြုလုပ်နေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၁၅ ဦးခန့်(စိစစ်ဆဲ)က ထော်လာဂျီ တစ်စီး၊ ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး အစည်းအဝေးပြုလုပ်နေသည့် ဓမ္မာရုံအတွင်းသို့ သေနတ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးဇော်ဇော်(ခ)ဦးမြင့်ဇော်(၅၁)နှစ်၊ ဦးတင်မြိုင်(၈၅)နှစ်၊ ဦးခင်မောင်ဌေး(၆၃)နှစ်၊ ဦးခင်မောင်သန်း(၇၂)နှစ်၊ ဦးသန်းထွန်း(၆၅)နှစ်၊ ဦးစိုးမင်း(၄၂)နှစ်နှင့် ဦးကြည်ထွန်း(၆၆)နှစ်တို့ ခုနစ်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးမြအောင်(၆၀)နှစ်၊ ဦးကျော်အောင်(၇၄)နှစ်၊ ဒေါ်ခင်စန်းမြင့်(၆၀)နှစ်၊ ဦးလှဟန်(၇၅)နှစ်၊ ဦးကောင်းမြတ်စိုး(၄၈)နှစ်နှင့် ဦးဝင်းလှိုင်(၆၁)နှစ်တို့ ခြောက်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
 
 
 
 
 
 
 
 
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်မှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ခုနစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။
 
 
 
 
 
 
 
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ခြောက်ဦး 
ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။