Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်

     လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အေးချမ်းစွာနေထိုင်လျက်ရှိသည့် ဒေသခံ ပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၆ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် ပဲခူးတိုင်း ဒေသကြီး၊ မင်းလှမြို့နယ်၊ ဥတိုရွာသစ်ကျေးရွာနေ ဦးထွန်းနိုင်ဦး(၃၈)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ မမာမာဦး(၂၃)နှစ်နှင့်အတူ ဥတိုရွာသစ်ကျေးရွာအရှေ့မြောက်ဘက် နှစ်မိုင်ခွဲခန့်အကွာရှိ ကံ့ကော်ပင် ကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ဗိုလ်တစ်ထောင်ကျေးရွာနှင့် ကံ့ကော်ပင်ကျေးရွာအကြား လမ်းမအရောက်၌ PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် လားရာတူနောက်မှ မောင်းနှင်လိုက်ပါလာပြီး ဦးထွန်းနိုင်ဦးနှင့် ဒေါ်မာမာဦးတို့ မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး၍ ဦးထွန်းနိုင်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
     အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်သမားများ၏ ဖမ်းဆီးခြင်းခံထားရသူအား အမြန်ဆုံး ပြန်လည်ကယ်တင်နိုင်ရေးနှင့် ဒေသခံပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေ တောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။