Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ပညာရေးကဏ္ဍ တိုးတက်မြင့်မားမှုကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ စာသင်ကျောင်းများအတွင်း ဝင်ရောက်ဖျက်ဆီးခြင်းများ လုပ်ဆောင်

     လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင်ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား/သူများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်းများစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၆ ရက် နံနက် ၁ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်း ဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ချောင်းကမ်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲသို့ PDF အမည်ခံ အကြမ်းဖက်သမား ၃၀ ဦးခန့်(စိစစ်ဆဲ)က ရောက်ရှိလာပြီး ကျောင်းအတွင်း ဝင်ရောက်၍ ကျောင်းရုံးခန်းတံခါးနှင့် ကျောင်းသုံးဗီရိုများအား ရိုက်ချိုးဖျက်ဆီးခြင်း၊ နိုင်ငံတော်အလံနှင့် အလံတိုင်အား ဖြုတ်ယူခြင်း၊ ကျောင်းသုံးဗီရိုများနှင့် ကျောင်းခေါ်ကြိမ်စာအုပ်များတွင် မြေဖြူဖြင့် ညစ်ညမ်းစာများ ရေးသားခြင်း၊ PDF အလံတစ်ခုအား ကျောင်းဝင်းအတွင်း ဝါးလုံးတိုင်ဖြင့် လွှင့်ထူထောင်ထားခဲ့ခြင်းများ လုပ်ဆောင်ပြီး ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
     အလားတူ ဇွန် ၆ ရက် နံနက် ၂ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ပိတောက်ကုန်း ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသို့ အဆိုပါ PDF အမည်ခံ အကြမ်းဖက်သမား ၃၀ ဦးခန့် (စိစစ်ဆဲ)က ရောက်ရှိလာပြီး ကျောင်းဝင်းအတွင်း ဝင်ရောက်ကာ ကျောင်း၌ လွှင့်ထူထားသည့် နိုင်ငံတော်အလံအား ဖြုတ်ယူသွားခဲ့ကြောင်း သိရသည်။
     အထက်ပါဖြစ်စဉ်များမှ ပညာရေးကဏ္ဍ တိုးတက်မြင့်မားမှုကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ စာသင်ကျောင်းများအတွင်း ဝင်ရောက်ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။