PDF အမည်ခံ အကြမ်းဖက်သမားများသည် ပညာရေးဆိုင်ရာ ရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များအား စာပေသင်ကြားပြသပေးလျက် ရှိသည့် ဆရာ/ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ပြုလုပ်လျက်ရှိရာ ဇွန် ၁၅ ရက် နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကုန်းဘုရား(ညောင်ပင်ကန်)ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာဝင်း(၄၂)နှစ်သည် ကျောင်းဝင်းအတွင်း ဝန်ထမ်းလိုင်းခန်း၌ ၎င်း၏ခင်ပွန်း ဦးဇော်လတ် (၄၅)နှစ်၊ ညီမဖြစ်သူ မရွှေရည်ဝင်း(၁၉)နှစ်တို့နှင့်အတူ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခုနစ်ဦးက ဆိုင်ကယ် လေးစီးဖြင့် ရောက်ရှိလာပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာဝင်းနှင့် ဦးဇော်လတ်တို့ နှစ်ဦးအား ဝန်ထမ်းလိုင်းခန်းအတွင်းမှ ဆွဲခေါ်ကာ လိုင်းခန်းရှေ့မြေကွက်လပ်၌ မှောက်ခိုင်းထားပြီး သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ၎င်းတို့ နှစ်ဦးတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် နိုင်ငံ့ဝန်ထမ်းကောင်း ဆရာ/ဆရာမများအား PDF အမည်ခံ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အဖွဲ့အစည်းများ၏ ခြိမ်းခြောက်မှုများ၊ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်မှုများအား ပြည်သူလူထုအနေဖြင့် လက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက်ဆန့်ကျင်လျက်ရှိကြောင်းနှင့် ဖြစ်စဉ်တွင် အကြမ်းဖက်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကုန်းဘုရား(ညောင်ပင်ကန်)ကျေးရွာ၌ PDF အမည်ခံ
အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်မှုကြောင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ
ကျောင်းအုပ်ဆရာမကြီးနှင့် ခင်ပွန်းဖြစ်သူတို့ နှစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။