PDF အမည်ခံ အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများအား ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး/ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူသွားလာအသုံးပြုနေသည့် လမ်းမကြီးများပေါ်၌ မိုင်းထောင်ထားခြင်း၊ ဖောက်ခွဲခြင်းများအား ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၉ ရက် နံနက် ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဝသုန္ဒရကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးဗုံးသီးများမှာ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာ နေသူများဖြစ်ကြသည့် ဦးခင်မင်းဇော်(၅၈)နှစ်၊ ဦးစောထွန်း(၅၅)နှစ်၊ ဦးစိုးဇော်ဦး(၃၈)နှစ်၊ ဦးမြင့်ကို (၅၉)နှစ်နှင့် မဇူးရတနာကို(သုံးနှစ်)တို့ ငါးဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၈ နာရီတွင် မတ္တရာမြို့နယ်၊ လက္ကောင်းလေးကျေးရွာနေ ဦးသောင်းဌေး(၅၃)နှစ်သည် ကျေးရွာအရှေ့ဘက်ရှိ ချောင်း၌ ငါးဖမ်းရန်သွားစဉ် ကျေးရွာနှင့် သုံးဖာလုံခန့်အကွာအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ဦးသောင်းဌေးတွင် ယာခြေသလုံး ပြတ်ထွက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး ကျရောက်ပေါက်ကွဲမှုနှင့် နင်းမိုင်းပေါက်ကွဲမှုတို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား မန္တလေးပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးကာ လိုအပ်ချက်များအပေါ် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး/ငယ်များ၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူ သွားလာလှုပ်ရှားနေသည့် နေရာများ၌ မိုင်းထောင်ဖောက်ခွဲ ခြင်းများအား ပြုလုပ်ခဲ့မှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှု လုပ်ရပ်များကြောင့် ကလေးငယ် တစ်ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။