လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၇ ရက် ည ၇ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ အနိမ့်ကျေးရွာ၌ သာပေါင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းသိုက်(၃၉)နှစ်ပါ ပူးပေါင်းအဖွဲ့သည် လုံခြုံရေးဆောင်ရွက်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၁၅ ဦးခန့်(စိစစ်ဆဲ)က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ ဦးမင်းသိုက်တွင် ဦးခေါင်းပွင့်ထွက် ဒဏ်ရာများ ရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်များက အများပြည်သူ ထိခိုက်စေရန်ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အုပ်ချုပ်ရေးမှူး တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။