Language: Myanmar English

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အမည်ခံ အဖွဲ့ဝင်များကို ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်

    တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့ နယ်မြေများအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အမည်ခံ အဖွဲ့ဝင်များကို ပြန်လည်ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်းကို ၂၀၂၅ ခုနှစ်၊ ဇွန် ၂၀ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာန ချုပ်၊ ဇေယျာသီရိခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အမည်ခံ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။ 
     ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေဆိုင်ရာပုဒ်မများနှင့် ပတ်သက်သည်များကို အသိပညာပေး ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် PDF အမည်ခံ အဖွဲ့ဝင် အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၂၄ ဦးတို့အား တာဝန်ရှိသူများက ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံကာ ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
    PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားရှိပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အမည်ခံ အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးလျက်ရှိကြောင်း သိရသည်။