Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဒေသတွင်း ပို့ဆောင်ဆက်သွယ်ရေးများ ပြတ်တောက်စေရန် ရည်ရွယ်၍ မီးရထားဘူတာရုံအား အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်၍ ဝင်ရောက်ဖျက်ဆီးမှုများ လုပ်ဆောင်

    ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဒေသတွင်း ပို့ဆောင်ဆက်သွယ်ရေးများ ပြတ်တောက်စေရန် ရည်ရွယ်၍ မီးရထားဘူတာရုံအား အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်၍ ဝင်ရောက်ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်။
    ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၅ ရက် နံနက် ၁ နာရီ ၂၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ရှိ ဇေယျဝတီမီးရထားဘူတာရုံသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ နံနက် ၂ နာရီတွင် အကြမ်းဖက်အဖွဲ့များ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ဖြစ်စဉ်အတွင်း PDF အမည်ခံ အကြမ်းဖက်သမားများက အဆိုပါမီးရထားဘူတာရုံအတွင်း ဝင်ရောက်ကာ ဒုရုံပိုင် ဦးသာထက်စိုး(စိစစ်ဆဲ)အား ဝိုင်းဝန်းရိုက်နှက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကာ ဘူတာအတွင်းရှိ တယ်လီဖုန်း သုံးလုံး၏ ဆက်သွယ်ရေးကြိုးများအား ဖြတ်၍ လက်လှည့်ဂေါက် သုံးချောင်း၊ သော့ တစ်လုံးတို့အား ယူဆောင်သွားခဲ့ကြောင်း သိရသည်။
    ထိုသို့ မီးရထားဘူတာရုံအား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်၍ ဝင်ရောက်ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။