Language: Myanmar English

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များမှ အပြစ်မဲ့ အရပ်သား ပြည်သူများ သွားလာအသုံးပြုလျက်ရှိသော လမ်း/တံတားများအား မိုင်းထောင်ခြင်းများ ပြုလုပ်

    အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေး ထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာ အသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ် များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မကွေး တိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ မိုးဝန်းကျေးရွာအုပ်စု၊ မိုးဝန်းကျေးရွာနှင့် ရွှေဘုံသာကျေးရွာအုပ်စု၊ သာစည်ကျေးရွာအနီး၌ အပြစ်မဲ့ အရပ်သားပြည်သူများ သွားလာအသုံးပြုလျက်ရှိသော စလင်း-ဆင်ဖြူကျွန်းသွား ကားလမ်းဘေးနှစ်ဘက်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းများထောင်ထားခဲ့ကြောင်း သိရှိရပါသည်။
     အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။