လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် လုံခြုံရေးဆောင်ရွက်ပေးနေသည့် ပြည်သူ့စစ်အဖွဲ့ဝင်များအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ ပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်သူ ဦးထွန်းအောင် (၆၁)နှစ်သည် အမှတ်(၄)ရပ်ကွက်၊ စစ်မှုထမ်းဟောင်းရုံးမှ အဆိုပါရပ်ကွက်ရှိ ဘက်စုံစိုက်ပျိုးရေးခြံသို့ ရေစကြို-ပခုက္ကူသွား ကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့် တစ်ဦးတည်း ထွက်ခွာလာစဉ် ခြံအနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးထွန်းအောင်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ လုံခြုံရေးဆောင်ရွက်ပေးနေသည့် ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။