လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင်ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ခြိမ်းခြောက်စာများပေးပို့ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၃၀ ရက် မွန်းလွဲ ၁ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ မကြီးတောကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းရှေ့၌ ခြိမ်းခြောက်စာ တွေ့ရှိရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းရှေ့ ဝင်ပေါက်တံခါးနှင့် ကတ္တရာလမ်းကြားမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံး၊ ဆိုင်ကယ်ဘက်ထရီအိုး တစ်လုံး၊ ကီးပက်ဖုန်း တစ်လုံးနှင့် ခြိမ်းခြောက်စာသားများ ရေးသားထားသည့် ကတ်ထူစက္ကူ တစ်ရွက်တို့အား တွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်းနှင့် မကြီးတောကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဆရာမ ငါးဦးမှ ကျောင်းသား၊ ကျောင်းသူ ၄၁ ဦးတို့အား ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် စာသင်ကျောင်းများသို့ ခြိမ်းခြောက်စာပေးပို့ခြင်း၊ လက်လုပ်မိုင်းထောင်ခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။


စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက် ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် စာသင်ကျောင်းသို့ ခြိမ်းခြောက်စာပေးပို့ခြင်း၊ လက်လုပ်မိုင်းထောင်ခြင်းများ လုပ်ဆောင်မှု မှတ်တမ်းဓာတ်ပုံ။