Language: Myanmar English

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်ရှိ ဆင်ဖြူကျွန်းမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ဝင်ရောက်ဖျက်ဆီး၍ ဌာနပိုင်ပစ္စည်းများအား လုယက်ယူဆောင်

     အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူ သွားလာအသုံးပြုနေသည့် လမ်းများပေါ်၌ မိုင်းထောင်ထားခြင်း၊ ဖောက်ခွဲတိုက်ခိုက်ခြင်း၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ဝင်ရောက်ဖျက်ဆီးခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
     ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁ ရက် ညနေ ၅ နာရီတွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်ရှိ ဆင်ဖြူကျွန်းမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)ရောက်လာပြီး ရုံးအတွင်း ဝင်ရောက်ဖျက်ဆီး၍ အဆိုပါရုံးရှိ ဌာနပိုင်နံရံကပ်ပန်ကာ နှစ်လုံး၊ ဖိုက်ဘာခုံ ငါးခုံတို့အား လုယက်ယူဆောင်ကာ ရုံးတောင်ဘက် နှစ်မိုင်ခန့်အကွာ မိုးဝန်းကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
     ထိုသို့ ဌာနဆိုင်ရာ ရုံးအဆောက်အအုံအတွင်း ဝင်ရောက်ဖျက်ဆီး၍ ဌာနပိုင်ပစ္စည်းများအား လုယက်ယူဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။