Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် ရာအိမ်မှူးတစ်ဦး သေဆုံး

     လက်နက်ကိုင်အစွန်းရောက်အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများပြုလုပ်လျက် ရှိသည်။

   ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄ ရက် ညနေ ၄ နာရီတွင် မန္တလေးတိုင်း ဒေသကြီး၊ မလှိုင်မြို့နယ်၊ ပြူကန်ကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီးတစ်ဦး သေဆုံး သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ မလှိုင်မြို့နယ်၊ မကျည်းပင်ပု ကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဒေါ်ဌေးဌေး(၆၀)နှစ်သည် မန္တလေးသို့သွားရောက် ဆေးခန်းပြရန်အတွက် ကားတားဆီးရန် ၎င်း၏နေအိမ်မှ ကားလမ်းမသို့ တစ်ဦးတည်းထွက်ခွာလာစဉ် ပြူကန်ကျေးရွာအနီး ကားလမ်းမဘေးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုသို့ ရာအိမ်မှူးတစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှုများကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် ရာအိမ်မှူးတစ်ဦးသေဆုံးမှု မှတ်တမ်းဓာတ်ပုံ။