Language: Myanmar English

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ခရီးသွားမော်တော်ယာဉ် တစ်စီးအား တားဆီး၍ သာသနာ့အနွယ်ဝင်သံဃာတော်နှစ်ပါးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ လေးဦးအား မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးခေါ်ဆောင်

     လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများ အတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက် ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် သာသနာ့အနွယ်ဝင် သံဃာတော်များ၊ အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ် မှုများအား ကျူးလွန်လုပ်ဆောင်လျက် ရှိပါသည်။

     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက် မွန်းလွဲ ၂ နာရီတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ စန္ဒယားကျေးရွာရှိ ကျေးရွာဘုန်းကြီးကျောင်းမှ သံဃာတော် ဥူးသီရိန္ဒ (ခ)ဦးဆွေဦး(၅၃)နှစ် (၃၃)ဝါ၊ ဥူးဝိသုတ(ခ)ဦးတင်ငြိမ်း(၆၃)နှစ် (၄၂)ဝါ၊ အဆိုပါကျေးရွာ နေသူများ ဖြစ်သည့် ဦးချမ်းသာထွန်း(၄၅)နှစ်၊ ဦးတင်သိန်း(၆၄)နှစ်၊ ဒေါ်တင်ကြိုင်(၆၁)နှစ်နှင့် ဦးကျော်မြင့် (၆၃)နှစ်တို့ ခြောက်ဦးသည် ရန်ကုန်မြို့မှ ကန့်ဘလူမြို့သို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် ကန့်ဘလူမြို့နယ်၊ ရေကြည်ဦးကျေးရွာအနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က မော်တော်ယာဉ်အား တားဆီးကာ ၎င်းတို့ ခြောက်ဦးအား မော်တော်ယာဉ်နှင့်အတူ ရေရှင်ကျေးရွာ ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

    ထိုသို့ သာသနာ့အနွယ်ဝင် သံဃာတော်များနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီး ခေါ်ဆောင်ခံရသူများအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။