Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

     အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူ သွားလာအသုံးပြုနေသည့် လမ်းများပေါ်၌ မိုင်းထောင် ထားခြင်း၊ ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ကြို့ပင်ကောက်မြို့နယ်၊ ညောင်ပင်အိုင်ကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီး ဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ မနော်မီးညို (၁၇)နှစ်တွင် ဗုံးသီး ပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

   ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများ ပြည်သူသွားလာလှုပ်ရှားနေသည့် နေရာများ၌ မိုင်းထောင်ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရား ကင်းမဲ့စွာ ပြုလုပ်ခဲ့မှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုများအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုမှတ်တမ်းဓာတ်ပုံ။