Language: Myanmar English

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် မော်တော်ယာဉ်တစ်စီး ထိခိုက်ပျက်စီး

     အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေး ထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ် လျက်ရှိပါသည်။

      ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄ ရက် နံနက် ၆ နာရီ ၅ မိနစ်တွင် မကွေးတိုင်း ဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နေ ဦးအောင်ကျော်နိုင်(၄၆)နှစ်သည် MDY 17 5C/XXXX PAJERO မော်တော်ယာဉ်ဖြင့် မန္တလေးမြို့မှ ဂန့်ဂေါမြို့သို့ တစ်ဦးတည်းမောင်းနှင် ထွက်ခွာလာစဉ် ဂန့်ဂေါမြို့နယ်၊ လယ်မကျေးရွာအနီးအရောက် လမ်းဘေးမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် မော်တော်ယာဉ်၏ ရှေ့လေကာမှန်၊ ယာဘက် ဘေးမှန်၊ နောက်ခန်း ဝဲ/ယာတံခါးမှန်တို့ မိုင်းပေါက်ကွဲစထိမှန်ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

       အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။