တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူ လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမား များက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက် ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၂ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မွန် ပြည်နယ်၊ ရေးမြို့နယ်၊ ဒူးယားကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွား ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးကရင် (ခ)ဦးအစိန်(၄၈)နှစ်သည် အဘော်ကျေးရွာမှ ဒူးယားကျေးရွာသို့ ဆိုင်ကယ်ဖြင့် အဘော်-ဒူးယားကားလမ်း အတိုင်း တစ်ဦးတည်းပြန်လာစဉ် ဒူးယားကျေးရွာအနီးအရောက် PDF အမည်ခံ အကြမ်းဖက်သမား လေးဦး (စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် နောက်မှ မောင်းနှင်လိုက်ပါလာကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွား ခဲ့သဖြင့် ဦးကရင်(ခ)ဦးအစိန်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိ၍ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးသေဆုံးမှု မှတ်တမ်းဓာတ်ပုံ။