Language: Myanmar English

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ရပ်ကွက်အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

     အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက် ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာ များဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ခဲ့ရာ ဇူလိုင် ၁၀ ရက် နံနက် ၁ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ သူဌေးကုန်းရပ်ကွက်နေ မဝင်းသီရိအောင်(၁၄)နှစ်သည် ၎င်း၏ နေအိမ်၌ရှိနေစဉ် နေအိမ်ခြံဝင်းအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် မဝင်းသီရိအောင်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။