Language: Myanmar English

ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် PDF အမည်ခံ အကြမ်းဖက်သမားများက ပညာရေးဝန်ထမ်းများအား ဖမ်းဆီးခေါ်ဆောင်မှုများပြုလုပ်ဆောင်ရွက်

     လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက် ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင်ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ခြိမ်းခြောက်စာများ ပေးပို့ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၄ ရက် ညနေ ၄ နာရီ ၅၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ကျွန်းဒေါင့်ကျေးရွာအနီး၌ PDF အမည်ခံ အကြမ်းဖက် အဖွဲ့က ပညာရေးဝန်ထမ်း တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဇူလိုင် ၁၃ ရက် ညနေ ၄ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ(အရှေ့)ရပ်ကွက်နေ နွားထိုးကြီးမြို့နယ်ပညာရေးမှူးဖြစ်သူ ဦးဗိုလ်အောင်နိုင်(၅၆)နှစ်သည် နွားထိုးကြီးမြို့မှ ကျွန်းဒေါင့်ကျေးရွာသို့ ခရီးသည်တင်မော်တော် ယာဉ်ဖြင့် သွားရောက်စဉ် ကျွန်းဒေါင့်ကျေးရွာအနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ) က မော်တော်ယာဉ်အား တားဆီးကာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဦးဗိုလ်အောင်နိုင်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     အလားတူ ညနေ ၆ နာရီ ၅၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ န-ဂွေးချို ကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်သမား ၁၀ ဦးခန့်က ဆိုင်ကယ် ၁၀ စီးဖြင့် ရောက်ရှိလာပြီး အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် န-ဂွေးချိုကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးညွန့်(၄၃)နှစ်၊ ဒုတိယမူလတန်းပြဆရာမ ဒေါ်မာမာဆွေ(၃၅)နှစ်နှင့် လက်ထောက်မူလတန်းပြဆရာမ ဒေါ်နှင်းနှင်းဝေ(၂၆)နှစ်တို့ သုံးဦးအား ဖမ်းဆီးကာ လျော်တောင်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
     အထက်ပါဖြစ်စဉ်များမှ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် PDF အမည်ခံ အကြမ်းဖက်သမားများ ဖမ်းဆီးခေါ်ဆောင်သွားသည့် ပညာရေးဝန်ထမ်းများအား ပြန်လည်ကယ်တင်နိုင်ရေးနှင့် အဆိုပါအကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။