Language: Myanmar English

Featured

အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ၊ Drone ယာဉ် အသုံးပြု၍ Drop Bomb များဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိ

     တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကို လိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ် သည့် အပြစ်မဲ့အရပ်သားပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာရပ်ကွက်၊ ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင် လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ မတ် ၁၇ ရက် ညနေ ၄ နာရီ ၃၅ မိနစ်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မင်းကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်သို့ PDF အမည်ခံ အကြမ်းဖက်သမား (စိစစ်ဆဲ)က Drone ယာဉ်အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အဆိုပါရပ်ကွက်ရှိ ဘိုးဘွားရိပ်သာဝင်း အတွင်း Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဘိုးဘွားရိပ်သာတွင် တိုက်ပွဲရှောင်ရောက်ရှိ နေထိုင်လျက်ရှိကြသည့် မင်းကင်းမြို့နယ်၊ ကူလဲကျေးရွာနေ ဦးမြင့်ကြည်(၅၈)နှစ်၊ ဦးကျော်မင်းစိုး (၄၁)နှစ်၊ ဦးအောင်လင်း(၄၀)နှစ်နှင့် ဒေါ်ဝင်းရီ(၄၈)နှစ်တို့တွင် Drop Bomb ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မင်းကင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အလားတူ ညနေ ၆ နာရီ ၂၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ဆိပ်ကြီး ကျေးရွာသို့ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က Drone ယာဉ်အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အဆိုပါကျေးရွာ အတွင်းရှိ “ဖွားတိုး” ဆီစက်နှင့် “ရွှေခရီး” စက်သုံးဆီဆိုင်ရှေ့လမ်းမပေါ်သို့ Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအနီး ရောက်ရှိနေသူများဖြစ်ကြသည့် ဆိပ်ကြီးကျေးရွာနေ မအိန္ဒြေဖြိုး(၈)နှစ်တွင် Drop Bomb ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ပြီး ဦးဖြိုးဝေအောင်(၃၉)နှစ်၊ ဒေါ်မြမြရီ(၆၃)နှစ်နှင့် မပန်းနုဝါ(၄)နှစ်တို့တွင် Drop Bomb ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ သေဆုံး၊ ဒဏ်ရာရရှိသူများအား ကျောက်ကြီး မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အလားတူ ည ၇ နာရီတွင် ရေတာရှည်မြို့နယ်၊ ခင်တန်းကြီးကျေးရွာနေ ဒေါ်သက်သက် (၅၂)နှစ်သည် ၎င်း၏သားဖြစ်သူ မောင်စိုးပြည့်ထွေးအောင်(၁၁)နှစ်နှင့် မောင်စိုးပြည့်ဖြိုးအောင်(၁၃)နှစ် တို့နှင့်အတူ နေအိမ်ခြံဝင်းအတွင်းရှိနေစဉ် နေအိမ်၏အနောက်ဘက်သို့ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့သုံးဦးတွင် လက်နက်ကြီးကျည် ပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသနိုင်ရေး ဆွာတိုက်နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အထက်ပါဖြစ်စဉ်မှ အပြစ်မဲ့ အရပ်သားပြည်သူများအား သေဆုံး၊ ထိခိုက်ဒဏ်ရာများရရှိအောင် လက်နက်ကြီးများ၊ Drone ယာဉ်အသုံးပြု၍ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။