တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကိုလိုလားသူ လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ အရပ်သားပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဧပြီ ၁ ရက် ညနေ ၆ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ရွှေပေါက်ပင်ရပ်ကွက်သို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က Drone ယာဉ်အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ရပ်ကွက်အတွင်း Drop Bomb နှစ်လုံးကျရောက်ပေါက်ကွဲခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာအနီးရှိနေသည့် အဆိုပါရပ်ကွက်နေ ဒေါ်မိုး(၇၁)နှစ်နှင့် ဒေါ်ညွန့်ညွန့်ကြည်(၆၆)နှစ် တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ပေါက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အပြစ်မဲ့ အရပ်သားပြည်သူများအား သေဆုံး၊ ထိခိုက်ဒဏ်ရာများရရှိအောင် Drone ယာဉ်အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေ နှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Featured