တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကို လိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ အရပ်သားပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်း စသည့်အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၃ ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် မကွေးတိုင်း ဒေသကြီး၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က Drone ယာဉ်အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ အဆိုပါကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲနှင့် ကျေးရွာဘုန်းကြီးကျောင်းပေါ်သို့ Drop Bomb များ ကျရောက်ပေါက်ကွဲ ခဲ့မှုကြောင့် စာသင်ကျောင်းဆောင်အမိုးသွပ် ၁၂ ချပ်နှင့် ဘုန်းကြီးကျောင်း အမိုးသွပ်ခြောက်ချပ်တို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
အလားတူ နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က Drone ယာဉ်အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ အဆိုပါကျေးရွာနေ ဦးစန်းလွင်(၅၅)နှစ်၏ နေအိမ်ပေါ်သို့ Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့ မှုကြောင့် နေအိမ်အမိုးသွပ် ခုနှစ်ချပ်နှင့် ဗီရိုတစ်လုံးတို့ ဗုံးသီးပေါက်ကွဲစထိမှန် ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
အလားတူ ညနေ ၅ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ အောင်ဆန်း ရပ်ကွက်သို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က Drone ယာဉ်အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ အဆိုပါရပ်ကွက်နေ ဒေါ်ကြည်ရွှင်(၅၈)နှစ်၏ ခြံဝင်းအတွင်းရှိ မြေကွက်လပ်သို့ Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဒေါ်ကြည်ရွှင်တွင် ဗုံးသီးပေါက်ကွဲ စထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ရေဦးမြို့နယ်တိုင်းရင်းဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ Drone ယာဉ်အသုံးပြု၍ Drop Bomb များအား အကြောင်းမဲ့ ပစ်ချတိုက်ခိုက်ခဲ့သည့် အကြမ်းဖက် သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
Featured